ပြည်ထောင်စုဝန်ကြီး ခရီးစဉ်

Post Date: September 15, 2023

--------------------------------------------------------------------------------------------------------

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည်  ဝန်ကြီးဌာန၊ ဦးစီဌာနများမှ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့ထိ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံ များနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများသို့ သွားရောက် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဦးစွာ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် သည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ရောက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် လူ့စွမ်းအား အရင်းအမြစ် ပြုစုပျိုးထောင်နေသည့် အခြေအနေများ၊ ဒေသအကျိုးပြု  သုတေသနဆောင်ရွက် ပေးနိုင်သည့် အခြေအနေများနှင့် လိုအပ်သော နည်းပညာများ ထောက်ပံ့ပေးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ပြီး မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်နိုင်မည့် သုတေသနဆိုင်ရာကိစ္စရပ်များ၊ စီမံကိန်းဆိုင်ရာကိစ္စရပ်များ၊ ပြည်နယ်‌အနေဖြင့် ကူညီပူးပေါင်း ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးဌာန၊ ဦးစီဌာနများမှ တာဝန်ရှိသူများသည် ကွန်ပျူတာတက္ကသိုလ်(သထုံ)၊ နည်းပညာတက္ကသိုလ်(မော်လမြိုင်)၊ အစိုးရစက်မှုလက်မှုသိပ္ပံ (မော်လမြိုင်) နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း(မော်လမြိုင်) များသို့ ရောက်ရှိကာ ဒုတိယမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများနှင့် တွေ့ဆုံပြီး  ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများက ကျောင်းဆိုင်ရာ အချက်အလက်များ ဆွေးနွေးတင်ပြမှုနှင့် ဆရာ၊ ဆရာမ၊ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်နှင့်ကျောင်းများ၏ သင်ကြားသင်ယူ ဆောင်ရွက်နေမှုများ၊ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များ၊ တက္ကသိုလ်ကျောင်းများ၏ ဥပဓိရုပ် ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာစေရေး၊ သင်ကြားသင်ယူမှု ပတ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ်စေရေး အတွက် လမ်းညွှန်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နည်းပညာ တက္ကသိုလ်(မော်လမြိုင်)တွင် ဇီဝမြေဩဇာ ထုတ်လုပ်ဖြန့်ဖြူးနေမှု အခြေအနေများကို  သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည် များကို လမ်းညွှန်မှာကြားခဲ့ပါသည်။